Tuesday, March 17, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

နှိုင်းယှဉ်ဆက်စပ်မှုသဘော (နှစ်)
အရာဝထ္ထုတစ်ခုနဲ့ ၄င်းနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်ဝထ္ထုပစ္စ္စည်းတွေရဲ့ တည်ရှိနေမှုကို လေ့လာခြင်းဖြစ်ပါတယ်..
ပုံမှာတြိဂံတစ်ခုကို ဘောင်တစ်ခုထဲမှာ ပတ်ဝန်းကျင်ဝထ္ထုပစ္စည်းတစ်ခုမှ မပါဘဲ ထီးတည်းရေးဆွဲထားပါတယ်..ပုံကိုကြည့်လိုက်တဲ့အခါ အဖော်မပါတဲ့ လူတစ်ယောက်လိုပဲ အထီးကျန်ဆန်လှပါတယ်..ဒါပေမယ့်သူနဲ့မျိုးကွဲဖြစ်တဲ့ ဘဲဥပုံလေးတွေကို ဘေးမှာထောင်လျက်နဲ့ လှဲလျက်ရေးဆွဲလိုက်တဲ့အခါ အမြင်တစ်မျိုးဖြစ်လာပြီး အဆင်ပြေလာတာကို တွေ့ရပါတယ်..အချွန်နဲ့အလုံးသဘောဆောင်တဲ့အတွက်ကြောင့် ဆန့်ကျင်ဘက်အသွင်လည်း ဆောင်နေတာကိုတွေ့ရပါတယ်..ဒီဆန့်ကျင်ဘက်အသွင်တွေဟာ ဒွန်တွဲပြီး ရပ်တည်နေတဲ့အတွက်ကြောင့် ပိုမိုစိတ်ဝင်စားစရာလည်း ကောင်းလာပါတယ်..ဒီလိုဆန့်ကျင်လိုက်ဖက်နေတဲ့ သဏ္ဍန်တွေကို ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းလာအောင်ဖန်တီးလို့ရပါတယ်..
       တြိဂံတစ်ခုရဲ့ အောက်ခြေကို မြေပေါ်မှာ အလျားလိုက်ပြားနေအောင် ဖြန့်ကားလိုက်ပြီး ဘေးနားကဘဲဥပုံကို အလျားလိုက် မြေပေါ်မှာဖြန့်ချလိုက်ပါ..ဒီလို အနေအထားတွေဖန်တီးလိုက်တဲ့အခါ သူတို့အပေါ်တွေ့မြင်ရတဲ့ Impressions တွေဟာလည်းပြောင်းလဲသွားပါတယ်..
        ဒီတြိဂံပုံစံတွေနဲ့ ဘဲဥပုံစံတွေရဲ့ ဆက်စပ်တည်ရှိနေမှု သဘောသဘာဝတွေဟာ လူမျက်နှာ ကယ်ရေကေချာရေးဆွဲတဲ့အခါမှာ အလွန်အသုံးဝင်တာကိုတွေ့ရပါတယ်..ဥပမာ မျက်လုံးနှစ်လုံး အကွာအဝေးကို ချုံ့လိုက်တဲ့အခါ နားထင်ဧရိယာတွေ ပိုမိုကျယ်လာတာမျိုးပဲဖြစ်ပါတယ်..
လူတစ်ဦးရဲ့ မျက်နှာအစိတ်အပိုင်းတွေအားလုံးကို တြိဂံပုံစံနဲ့ ဘဲဥပုံလေးတွေအဖြစ်မှန်းဆလို့ရပါတယ်..နှာတံ၊မေးထိပ်ချွန်တွေကိုတြိဂံ။ မျက်လုံး၊ပါးစပ်၊ပါးပြင်၊နှာခေါင်းထိပ်တွေကိုဘဲဥပုံအဖြစ်မှန်းဆယူကြည့်ပါ..သတိထားရမှာကတော့ ကယ်ရေကေချာရေဆွဲတဲ့အခါမှာ ချွန်နေတဲ့အပိုင်းတွေကိုပိုချွန်အောင်၊လုံးနေတဲ့နေရာတွေကို ပိုလုံးဝိုင်းနေအောင်ရေးဆွဲရပါတယ်..အလုံးနဲ့အချွန်တွေအားလုံးချဲ့ကားရေးဆွဲပြီးဟန်ချက်ညီညီ ဖွဲ့စည်းတည်ဆောက်မှုဟာ ကယ်ရေကေချာရဲ့ အဓိကသော့ချက်ဖြစ်ပါတယ်.....//


No comments: