Wednesday, April 29, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

မျက်နှာအနေအထားသုံးမျိုး
ကယ်ရေကေချာရေးဆွဲဖို့ မျက်နှာအနေအထားသုံးမျိုး

လူတစ်ဦးရဲ့ မျက်နှာဓါတ်ပုံကို ကယ်ရေကေချာရေးဆွဲတော့မယ်ဆိုရင် သူ့ရဲ့ မျက်နှာအနေအထားမျိုးစုံရအောင်ယူထားရပါလိမ့်မယ်..အနည်းဆုံး အနေအထားသုံးမျိုးဖြစ်တဲ့ ရှေ့တည့်တည့်ပုံ၊ ဘေးတည့်တည့်ပုံနှင့် ဘေးတစ်ဝက်စောင်းပုံကိုတော့ မရှိမဖြစ် လိုအပ်ပါတယ်..
ပုံ(၅၂)မှာ Herman ရဲ့ပုံကိုပဲ အနေအထားသုံးမျိုးနဲ့ ချဉ်းကပ်ကြည့်ကြမယ်..ပထမပုံမှာ ရှေ့တည့်တည့်ပုံဖြစ်ပြီး အထူးထင်ရှားစွာပေါ်လွင်နေတာတွေကတော့ သူ့ဆံပင်ပုံ၊ခွက်ဝင်ထင်ရှားနေတဲ့ ပါးရိုးနှစ်ဖက်၊ ပါးရစ်ကြီးနှစ်ခု၊နောက်ပြီး ပြူးကြောင်နေတဲ့မျက်လုံးတွေပါပဲ..သူ့မျက်လုံးနှစ်ဖက်ရဲ့ အကွာအဝေးဟာလည်း ပုံမှန်မဟုတ်ပဲ တော်တော်ကွာခြားနေတာကိုတွေ့ရပါမယ်..ဒီအချက်အလက်တွေဟာ သူ့မျက်နှာတည့်တည့်ပုံကို အားဖြည့် ပေါ်လွင်စေတဲ့အရာတွေပဲဖြစ်ပါတယ်..
ဒုတိယပုံမှာ ဘေးတည့်တည့်ပုံဖြစ်ပါတယ်..ထင်ရှားပေါ်လွင်နေတဲ့ အစိတ်အပိုင်းတွေကတော့ ခုံးချွန်နေတဲ့ နှုတ်ခမ်း၊ပါးစပ်နဲ့ အရစ်ကြီးတွေထနေတဲ့ပါးစောင်းတွေပါပဲ..တတိယပုံမှာက ဘေးတစ်ဝက်စောင်းပုံဖြစ်ပါတယ်..သိသာထူးကဲ့နေတဲ့ အစိတ်အပိုင်းတွေကတော့ သူ့ရဲ့ ဆံပင်ပုံစံ၊ပါးရစ်ကြီးတွေနဲ့ပြဲပြီးကားထွက်တဲ့ ပါးစပ်ကြီးပဲဖြစ်ပါတယ်..အားရပါးရ ရယ်မောနေတဲ့ပုံဖြစ်လို့ ပါးရိုးနှစ်ဖက် ဘေးဘက်ကို ကျယ်ထွက်လာပြီး မေးစေ့ဟာ အတွင်းဘက်ကို တိုးဝင်သွားတာ သတိပြုမိကြပါလိမ့်မယ်..
ပုံ(၃၅)မှာလူဝကြီးGuillermo ရဲ့မျက်နှာအနေအထားသုံးမျိုးကို ဖော်ပြထားပါတယ်..ပထမပုံမှာ ဘေးတစ်ဝက်စောင်းပုံ ဖြစ်ပါတယ်..သိသာထင်ရှားတဲ့အချက်တွေကတော့ လုံးဝိုင်းနေတဲ့ဦးခေါင်းပုံစံ၊ဖောင်းအိနေတဲ့ ပါးမို့ကြီးနှစ်ဖက်၊ကျဉ်းပြီးရယ်မောနေတဲ့ မျက်လုံး၊ လုံးနေတဲ့မေးစေ့၊ကြီးမားတုတ်ခိုင်လှတဲ့လည်ပင်း၊စတာတွေဟာ သူ့ရဲ့ မျက်နှာသွင်ပြင်ကို သာမန်ပုံစံထက်ထူးကဲစေနေပါတယ်..ဒုတိယပုံမှာ ဘေးတည့်တည့်ပုံဖြစ်ပြီး သိသာထင်ရှားနေတဲ့အစိတ်အပိုင်းတွေ အလွန်နည်းပါတယ်..တတိယပုံမှာသေးငယ်ပြီ့း လုံးနေတဲ့နှာခေါင်း၊ထင်ရှားနေတဲ့ပါးရစ်နှစ်ဖက်၊လုံးဝိုင်းနေတဲ့ပါးနှစ်ဖက် စတာတွေပဲဖြစ်ပါတယ်..သူ့ပုံကို ကယ်ရေကေချာရေးဆွဲဖို့ အကောင်းဆုံးအနေအထားကတော့ ပထမပုံဖြစ်တဲ့ ဘေးတစ်ဖက်စောင်းပုံပဲ ဖြစ်ပါတယ်..
ပုံ(၅၄)မှာ Shirley ရဲ့ မျက်နှာအနေအထားသုံးမျိုးနဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပါတယ်..ဘေးတစ်ဝက်စောင်းပုံ၊ဘေးတည့်တည့်ပုံနဲ့ ရှေ့တည့်တည့်ပုံတွေပါပဲ..သူ့ကယ်ရေကေချာရေးဆွဲဖို့ ပထမပုံဖြစ်တဲ့ ဘေးတစ်ဝက်စောင်းပုံကို ရွေချယ်ထားပါတယ်..သိသာထင်ရှားတဲ့ အချက်တွေကတော့ ရေပြင်ညီဖြစ်နေတဲ့မေးရိုး၊များပြားလှတဲ့မျက်ရစ်၊ပါးရစ်တွေနဲ့ အပေါ်ဘက်ကို မသိမသာတက်နေတဲ့ ပါးစပ်၊နှုတ်ခမ်းသားပါးပါးလေးတွေပဲ ဖြစ်ပါတယ်..သူ့ကယ်ရေကေချာရေးဆွဲရာမှာ ပထမ ပုံတစ်မျိုးတစ်မျိုးတည်း မဟုတ်ဘဲ ဒုတိယပုံနဲ့ပါ ပူးတွဲလေ့လာပြီး ထူးကဲခွဲထွက်မှုလေးတွေကို မလွတ်တမ်းနှိုက်ယူ ထည့်သွင်းရပါတယ်..ဒီလုပ်ဆောင်မှုဟာ အင်မတန် အရေးကြီးပါတယ်..ကယ်ရေကေချာပုံရေးဆွဲမယ့်သူဟာ မျက်စိကို အမြဲအရှင်ထားနေရပါတယ်..ပေါက်ပေါက်ရှာရှာကြည့်တတ်ရပါတယ်..နှိုက်နှိုက်ချွတ်ချွတ် မြင်တတ်သူဖြစ်ရပါမယ်.....//



1 comment:

မသက်ဇင် said...

ရောက်လာပါတယ် ကိုထိုက်ရေ
အစ်မလည်းတပုံလောက် ဆွဲ ချင်တယ်
ပရိုဖိုင်းမှာထည်ဖို့ပါ
ကိုထိုက်ချစ်သူကိုရော ကိုထိုက်ကိုပါ
ကျေးဇူးတင်ပါတယ်