Sunday, May 10, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ကလေးသူငယ်များကို ကယ်ရေကေချာရေးဆွဲနည်း
ကလေးသူငယ်များရဲ့ ကိုယ်ခန္ဓာအချိုးအစားတွေဟာ လျင်မြန်စွာပြောင်းလဲနေပါတယ်..အဲ့ဒါကြောင့်ပုံသေအချိုးအစားလို့ သတ်မှတ်လို့မရပါဘူး..နို့စို့အရွယ်ကလေးသူငယ်များရဲ့ ခြေတံလက်တံတွေဟာ ရှည်ထွက်နှုန်မမြန်ဆန်လှပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်းကြီးထားနှုန်းဟာ သိသာလှပါတယ်..အဲ့ဒီအရွယ်ကျော်လွန်လာတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ခြေတံလက်တံတွေဟာ ဦးခေါင်းထက် ကြီးထွားနှုန်းပိုမိုမြန်ဆန်လာတာကို တွေ့ရပါတယ်..သူတို့ရဲ့ ကယ်ရေကေချာပုံရေးဆွဲတဲ့အခါမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ ကြီးထွားမှုတစ်ခုတည်းကို လေ့လာလို့မရပါဘူး..
သူတို့ရဲ့ အမူအရာအကျင့်စရိုက် ပြောင်းလဲမှုလေးတွေကိုပါ လေ့လာရပါတယ်..ကလေးသူငယ်တိုင်းမှာ ချစ်စရာကောင်းတဲ့ အမူအကျင့်လေးတွေ ကိုယ်စီရှိတတကြပါတယ်..သူတို့ရဲ့ အတွင်းစိတ်နေသဘောထားလေးတွေကို သူတို့ရဲ့ အမူအကျင့်လေးတွေအားဖြင့် ပြသလေ့ရှိပါတယ်..ပုံ(၈၂) မှာကလေးငယ်တစ်ယောက်ရဲ့ ကိုယ်
ခန္ဓာကြီးထွားမှုဟာ အရွယ်နဲ့လိုက်ပြီး ပြောင်းလဲသွားနေပုံကို ပြသထားပါတယ်..ပုံ(၈၃) မှာတော့ မွေးကင်းစကလေးတစ်ဦးရဲ့ ကြီးပြင်းလာမှုနဲ့ သူ့ရဲ့အမူအကျင့်စရိုက်ကလေးတွေပါ လေ့လာမိသလို ပုံကြမ်းရေးဆွဲဖော်ပြပေးထားပါတယ်..ပုံ (ဂ၄) မှာ James ရဲ့ မျက်နှာအမူလေးကို တစ်ကြောင်းဆွဲ ကယ်ရေကေချာနည်းနဲ့ ဖော်ပြထားပါတယ်..သူ့ရဲ့ ပြည့်ဖြိုးနေတဲ့ မျက်နှာပေါ်မှာ အာရုံစူးစိုက်ပြီး မျက်မှောင်ကုပ်နေတဲ့ ကလေးစရိုက်ဟန်ပန်ကို မျဉ်းကြောင်းနည်းနည်းနဲ့ ဖော်ပြထားပါတယ်..ဒီမှာ ပြောစရာတစ်ခုရှိလာပါတယ်..
ကယ်ရေကေချာရေးဆွဲတဲ့အခါ ကြိုက်တဲ့နည်းစနစ်ကို အသုံးပြုရေးဆွဲပါ..မျဉ်းကြောင်းနည်းနည်းနဲ့ ပုံဖော်လို့ရသလို မျဉ်းကြောင်းများများ၊အလင်းများများကို အသုံးပြုပြီးတော့လည်း ရေးဆွဲနိုင်ပါတယ်..ကိုယ်ကြိုက်တဲ့ပုံစံ၊ ကိုယ်သန်တဲ့နည်းကို အသုံးပြုတာအကောင်းဆုံးပါပဲ..Melissa လေးရဲ့ ပုံကိုလည်း လေ့လာကြည့်ပါဦး..ငယ်ရွယ်တဲ့ ကလေးမလေးပီပီ ပါးစပ်ကလေးဟပြီး နေထိုင်တတ်တဲ့အကျင့်စရိုက်ကို ပေါ်လွင်အောင်ရေးဆွဲဖော်ပြထားပါတယ်..သူ့ရဲ့ကစားစရာ အရုပ်ကလေးပေါ်မှာ အာရုံစူးစိုက်နေတဲ့ အမူအရာလေးဟာ တကယ်အသက်ဝင်လှပါတယ်..
ကျွန်တော်ဟာ ကလေးသူငယ်များကို အလွန်ချစ်တတ်ပါတယ်..လမ်းမပေါ် လျှောက်သွားရင်းလည်း ကလေးလေးတွေနဲ့ပဲ အပေါင်းအသင်းလုပ်ပြီး သွားလာလေ့ရှိပါတယ်..ပုံ(၈၅) က Adam လေးဆိုရင်လမ်းမပေါ်မှာရင်းနှီးခဲ့တဲ့အခါမှာ သူ့ရဲ့ ရိုးသားလှတဲ့ စိတ်နေသဘောထားလေးကို စကားတွေအားရပါးရပြောတတ်ခြင်းအားဖြင့်ဖော်ပြတတ်ပြီး သူ့ကို လိုက်စကြည့်ရင်တော့ သူ့မျက်နှာလေးဟာ ရှက်နေတဲ့ ပုံသဏ္ဍန်မျက်နှာလေးညှိုးသွားတတ်ပြီး ချစ်စရာအလွန်ကောင်းနေတာ တွေ့ရပါတယ်..
ပုံ(၈၅)မှာ သူ့ရဲ့စိတ်နေသဘောထား နှစ်မျိုးနဲ့ သူ့မျက်နှာထားနှစ်ခုကို တွဲပြီးရေးဆွဲဖော်ပြထားပါတယ်..ကလေးငယ်တွေရဲ့ စိတ်နေသဘောထားလေးကို သိချင်ရင်မသိမသာ ညင်ညင်သာသာ လိုက်စကြည့်ပါ..သူတို့ရဲ့ခံစားချက်တွေ သူတို့မျက်နှာပေါ် ချက်ချင်းထင်ဟပ်ပေါ်လွင်လာပါလိမ့်မယ်..လိုက်စ, ပါဆိုပေမယ့် ကလေးတွေကို မခံရပ်နိုင်အောင် ဘယ်တော့မှမစရပါဘူး..သူတို့ရဲ့ ချစ်စရာအမူအရာတွေ ထွက်ပေါ်လာတဲ့ အထိသာ ကြင်နာမှုဖြင့် စ, ရပါလိမ့်မယ်..
ပုံ(၈၆) မှာ Mark ရဲ့သဏ္ဍန်နှစ်မျိုးကို ဖော်ပြထားပါတယ်..ဘေးစောင်းပုံဟာ သူစိတ်ကောက်နေတဲ့ ပုံဖြစ်ပြီး စိတ်မချမ်းမြေ့နေတဲ့ မျက်နှာမျိုးကို တွေ့မြင်နိုင်ပါတယ်..ပြီးခဲ့တဲ့ ပုံ(၈၃) ဟာ ကျွန်တော့သားလေး Mark ရဲ့ အမူအကျင့်လေးတွေ အကဲခတ်လေ့လာမိသမျှကို ဖော်ပြထားတာဖြစ်ပါတယ်..သူဟာ အမြဲတမ်း သွက်လက်လှုပ်ရှားနေတတ်သူဖြစ်ပေမယ့် စိတ်တို၊စိတ်ကောက်တဲ့အခါမှာတော့ ပုံ(၈၆) ကအတိုင်းခပ်တည်တည်ပဲ နေထိုင်လေ့ရှိပါတယ်..ဘယ်လောက်ပဲ အဆော့သန်တဲ့ကလေးဖြစ်ပါစေ စိတ်တို၊စိတ်ကောက်တဲ့အခါမှာတော့ မျက်နှာပုံစံ တစ်မျိုးတော့ ဖြစ်သွားကြရတာချည်းပါပဲ..
ပုံ(၈၇) မှာ Celia ရဲ့ ချစ်စဖွယ်မျက်နှာအမူအရာလေးကိုတွေ့နိုင်ပါတယ်..သူ့မျက်လုံးလေးတွေဟာ သူ့မျက်နှာနဲ့ မလိုက်ဖက်အောင် ကြီးမားဝိုင်းစက်နေပါတယ်..သူ့ပုံကို ဆွဲတဲ့အခါ ဒီချစ်စရာ မျက်လုံးဝိုင်းဝိုင်းကြီးကိုပဲအသားပေးထားပါတယ်..တကယ်တော့ သူ့ပုံကို ကယ်ရေကေချာရေးဆွဲတဲ့အခါ သူ့မျက်နှာလေးဟာ ချစ်စရာမကောင်းတော့ဘဲ တစ်မျိုးတစ်ဖုံ ဖြစ်သွားတာကို သတိထားမိပါလိမ့်မယ်..ကလေးတွေဟာ မျက်လုံးတွေကြီးပြီး ပါးစပ်တွေပြဲတတ်ကြပေမယ့် သူတို့ရဲ့ ကယ်ရေကေချာပုံ ရေးဆွဲတဲ့အခါမှာ လွန်လွန်ကျွံကျွံရေးဆွဲလိုက်မိလို့ရှိရင်သူတို့ရဲ့ ချစ်စဖွယ်အမူအရာလေးတွေ ပျောက်ပျက်သွားလေ့ရှိတာကို သတိထားရပါမယ်..ကလေးလေးတွေရဲ့ မျက်နှာကို ချစ်စဖွယ် အနေတော်လောက်ကိုသာ ကယ်ရေကေချာ ရေးဆွဲသင့်ပါတယ်.....//











No comments: