Monday, May 11, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

ဦးခေါင်းကြီးကြီး ၊ကိုယ်သေးသေး ကယ်ရေကေချာရုပ်ပုံများ
ကယ်ရေကေချာသမားတွေအဖို့ လူပုံကိုရေးဆွဲတဲ့အခါ ခေါင်းကြီးကြီး၊ကိုယ်သေးသေး ကယ်ရေကေချာပုံတွေကို ရေးဆွဲတာဟာ ပုံသေတစ်ခုလိုဖြစ်နေပါတယ်..တကယ်တော့ ကယ်ရေကေချာဆိုတာက ပုံတူရုပ်ပြောင်ရေးဆွဲတဲ့နည်းပညာရပ်တစ်ခုပါပဲ..လူပုံကို ကယ်ရေကေချာ ရေးဆွဲတဲ့အခါမှာ မျက်နှာပိုင်းကို အဓိကဦးစားပေးရေးဆွဲရတာဖြစ်ပါတယ်..အဲ့ဒီအတွက်ကြောင့် မျက်နှာ(ဦးခေါင်း)ပိုင်းကို ကြီးကြီးရေးဆွဲပေးခြင်းအားဖြင့် ရုပ်ပြောင်ပုံတူဟာ ပိုမိုသဘာဝကျပြီး အဆွဲခံရတဲ့လူရဲ့ သွင်ပြင်အနေအထားကို အသေးစိတ်ဖော်ပြပေးလို့ရနိုင်ပါတယ်..အများတကာနဲ့မတူညီတဲ့ သူ့မျက်နှာရဲ့ ထူးခြားမှုလေးတွေကိုလည်း စိတ်တိုင်းကျဖော်ပြပေးနိုင်မှာဖြစ်ပါတယ်..ဦးခေါင်းပိုင်းကို ပီပီပြင်ပြင် ရေးဆွဲပြီးပါက ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို သဘောလောက်ရေးဆွဲပေးလို့ရပါတယ်..သဘောလောက်ဆိုပေမယ့် ဦးခေါင်းနှင့်လိုက်ဖက်အောင် အချိုးအစားကိုတော့ ချင့်ချိန်ပြီးရေးဆွဲရပါတယ်..အများဆုံး ပြသနာတက်လေ့ရှိတာကတော့ လည်ပင်းနဲ့ ပခုံးပါပဲ..ဒီနှစ်ခုကိုရေးဆွဲတဲ့အခါမှာ ဦးခေါင်းနဲ့ စပ်ဟပ်လိုက်ဖက်အောင် ရေးဆွဲမိဖို့လိုအပ်ပါတယ်..ဥပမာ ဦခေါင်းက မတန်တဆကြီးမားပြီး လည်ပင်းကသေးသေးရှည်ရှည်လေးဆိုရင် လိုက်ဖက်မှုမရှိနိုင်ပါဘူး..အန္တရာယ်ကင်းတာကတော့ လည်ပင်းကို လုံးဝထည့်မရေးဆွဲဘဲ ပခုံးပေါ်မှာ ဦးခေါင်းကို တင်ပေးလိုက်မယ်ဆိုရင် ပိုအချိုးအစားကျပြီး ကြည့်ပျော်ရှုပျော်လည်း ဖြစ်သွားတတ်ပါတယ်..
တကယ်တော့ ဂရပ်ဖစ်ပုံစံသဘောအရဆိုရင်တော့ ကိုယ်လုံးသေးသေးပေါ်မှာ ဦးခေါင်းကြီးကြီးကိုတင်ပေးလိုက်တာဟာ သဘာဝမကျပါဘူး..ဒါပေမယ့် အထက်ကပြောထားတဲ့အတိုင်းပဲ ကယ်ရေကေချာပုံတွေ ရေးဆွဲတဲ့အခါမှာ သဘာဝမကျတဲ့အပုံကို သဘာဝနှင့် ပိုမိုနီးစပ်အောင်ရေးဆွဲရပါတယ်..သေငယ်နေတဲ့ကိုယ်ထည် ပေါ်မှာ ကြီးမားတဲ့ဦးခေါင်းကို တင်လိုက်တဲ့အခါ ဦးခေါင်းရဲ့ ဟန်ချက်ကို သတိထားရပါတယ်..ဟန်ချက်မညီတဲ့ ဦးခေါင်းဟာ ရပ်တည်နေနိုင်မှာ မဟုတ်သလို ရပ်ထည်မနေနိုင်တဲ့ ရုပ်ပုံကိုလည်း အတင်းရပ်တည်မခိုင်းသင့်ပါဘူး..ဒါကြောင့် ဦးခေါင်းရဲ့ပမာဏ၊အလေးချိန်တွေကို ထောက်ကန်ပေးဖို့ရန်
ခန္ဓာကိုယ်နဲ့ခြေထောက်နှစ်ချောင်းရဲ့ အနေအထားကို သတိပြုရေးဆွဲပေးရပါတယ်..နောက်ပြီးရုပ်ပုံရဲ့ 'ထု' ပမာဏကိုအလင်း၊အမှောင်အရိပ်တွေအားဖြင့် ဖော်ပြပေးလို့ရပါတယ်..အထူးသဖြင့် ဦးခေါင်းကြီးကြီး ကိုယ်လုံးသေးသေး ကယ်ရေကေချာပုံတွေ ရေးဆွဲတဲ့အခါ လိုအပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ အရိပ်တွေ၊ အနက်ရောင်တွေ ထည့်ပေးလို့မရပါဘူး..ဒီသင်္ကေတတွေဟာ ရုပ်ပုံတွေရဲ့ မမြင်နိုင်တဲ့အလေးချိန်သဘောတရားကို မျက်စိနဲ့မြင်သာနိုင်အောင် ဖော်ပြပေးခြင်းလည်းဖြစ်ပါတယ်..ဘယ်လို အနေအထားမျိုးမှာပဲဖြစ်စေ မိမိရေးဆွဲတဲ့ ကယ်ရေကေချာ ရုပ်ပုံဟာ ဟန်ချက်ညီညီနှင့် သဘာဝကျကျရှိနေဖို့တော့ လိုအပ်ပါတယ်..
အောက်မှာ သေချာလေ့လာကြည့်ဖို့ ဦးခေါင်းကြီးကြီး၊ ကိုယ်လုံးသေးသေး ကယ်ရေကေချာပုံစံတချို့ကိုဖော်ပြထားပါတယ်..အဓိကလေ့လာရမှာက သူတို့ရဲ့ ဟန်ချက်ကို ဘယ်လိုထိန်းထားတယ်ဆိုတာကိုပဲဖြစ်ပါတယ်..ပုံ(၉၂)မှာ Muhammad Ali ရဲ့ ကယ်ရေကေချာပုံကို ဖော်ပြထားပြီး ပုံ(၉၃) မှတော့ Willie Shoemaker ရဲ့ပုံကိုစနစ်တကျ လေ့လာနိုင်ဖို့ ဖော်ပြရေးဆွဲထားပါတယ်..ပုံနှစ်မျိုးစလုံးမှာ ဦးခေါင်းတွေဟာ အလွန်ကြီးမားနေပေမယ့် သူတို့ရဲ့ ကိုယ်လုံးလေးတွေနဲ့ ကြည့်ပျော်ရှုပျော်တဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်..သူတို့ရဲ့ ဟန်ချက်တွေဟာလည်း ခိုက်မြဲတဲ့ အနေအထားမျိုးမှာရှိနေပါတယ်..
ဒီလိုခေါင်းကြီးကြီး၊ကိုယ်လုံးသေးသေးနှင့် ကယ်ရေကေချာပုံတူ ရုပ်ပြောင်တွေကို ရင်းနှီးခင်မင်ပြီးသားအပေါင်းအသင်း  မိတ်ဆွေတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ရေးဆွဲပေးလေ့ ရှိပါတယ်..သူတို့ရဲ့ ၀ါသနာ၊စရိုက်လက္ခဏာတွေနဲ့ အလုပ်အကိုင်တွေကို တွဲဖက်ပြီးဖော်ပြပေးတဲ့အခါမှာတော့ ပိုပြီးသဘာဝကျလာပါတယ်..မွေးနေ့လက်ဆောင်ဖြစ်စေ၊ မင်္ဂလာဆောင်လက်ဖွဲ့ဖြစ်စေ ဘောင်တွေဘာတွေနဲ့ သေချာရေးဆွဲပေးပါက အလွန်နှစ်သက်သဘောကျလေ့ရှိကြပါတယ်..အောက်မှာ ဖော်ပြထားတဲ့ ကယ်ရေကေချာပုံတူ ရုပ်ပြောင်တွေအားလုံးဟာ သူတို့ရဲ့ အလုပ်အကိုင် ၀ါသနာပါရာတွေကို ဖော်ပြပေးထားတဲ့ ဦးခေါင်းကြီးကြီးကိုယ်လုံးသေးသေးနဲ့ ဟန်ချက်တွေကို အထူးသတိထားပြီး ရေးဆွဲထားတဲ့ပုံတွေပဲ ဖြစ်ပါတယ်..သေချာလေ့လာ လေ့ကျင့်စေလိုပါတယ်.....//


No comments: