Tuesday, May 12, 2009

ကယ်ရေကေချာရေးဆွဲနည်း(ကာတွန်းဇိုဇမ်)

သင်္ကေတ ကယ်ရေကေချာ(SYMBOLIC CARICATURES)
လူတစ်ဦးရဲ့ကယ်ရေကေချာကို သင်္ကေတအမှတ်အသားတွေနှင့် ဖော်ပြရေးဆွဲပေးနိုင်ပါတယ်..သင်္ကေတအမှတ်အသားတွေက လူရဲ့ ကယ်ရေကေချာပုံတူကို ပိုမိုလေးနက်သက်ဝင်စေပါတယ်..ဥပမာ ချစ်စရာကောင်းတဲ့ အမျိုးသမီးလေးတစ်ဦးကို အသည်းပုံ သင်္ကေတအမှတ်အသားအားဖြင့် ဖော်ပြပေးလို့ရသလို ငြိမ်းချမ်းရေးသမားတစ်ဦးကို ချိုးငှက်သင်္ကေတအားဖြင့် ဖော်ပြလေ့ရှိပါတယ်..ပညာရှိတစ်ဦးကို ဇီးကွက်ငှက်၊လူဆိုးသူခိုးရဲ့ပုံကို မြွေဟောက်သင်္ကေတပုံစံ စသည်အားဖြင့် ဖော်ပြနိုင်ပါတယ်..
ပုံ(၁၁၉) မှာ သူဌေးကြီး Rockefeller ရဲ့ကယ်ရေကေချာပုံတူကို သင်္ကေတအမှတ်အသားဖြစ်တဲ့ Dollar အနေနဲ့ ရေးဆွဲထားတာဖြစ်ပါတယ်..သူဟာ ကမ္ဘာမှာအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမယ့် အလွန်အမင်း နေမကောင်းဖြစ်တဲ့အခါကျတော့ ကလေးအစားအစာတွေနှင့်သာ စခန်းသွားနေရရှာပါတယ်..သူရဲ့ သင်္ကေတကယ်ရေကေချာကို အိုမင်းနေမကောင်းဖြစ်နေတဲ့ပုံနဲ့ ကလေးငယ်လေးပုံကိုရောပြီး Dollar သင်္ကေတကို ထပ်ပေါင်းပေးခြင်းအားဖြင့် လေးနက်ပြီး အဓိပါယ်ရှိတဲ့ သူဌေးကြီး Rockefeller ပုံမှန်း သိသာထင်ရှားလှပါတယ်..
ပုံ(၁၂၀)မှာ Brezhnev ရဲ့ သင်္ကေတကယ်ရေကေချာပုံကို တူ၊တံစဉ်အားဖြင့် သရုပ်ဖော်ထားပြီး ကြယ်နီနောက်ခံထားပေးခြင်းအားဖြင့် ကွန်မြူနစ်ကြီးတစ်ဦးမှန်း လွယ်လင့်တကူသိနိုင်ပါတယ်..သင်္ကေတ ကယ်ရေကေချာရဲ့ သဘောသဘာဝကတော့ ကိုယ်ဆွဲမယ့်လူရဲ့ ပုဂ္ဂိုလ်ရေးတွေကို အဓိကဦးစားပေးပြီးဖော်ပြပေးရတာပဲဖြစ်ပါတယ်..သင်္ကေတကယ်ရေကေချာအဆွဲ
ကောင်းလွန်းလို့ အရေးယူခြင်းခံရတဲ့ ပုဂ္ဂိုလ်တစ်ဦး ရာဇ၀င်မှာ ထင်ရှားကျော်ကြားခဲ့ဖူးပါတယ်..၁၈၃၄  ခုနှစ်တုန်းက Charles Philipon ဆိုသူ ပြင်သစ်ကာတွန်းဆရာတစ်ဦးဟာ King Louis Philippe ရဲ့ကယ်ရေကေချာပုံတူကို သင်္ကေတသဘောရောပြီး ရေးဆွဲဖော်ပြခဲ့ရာ ဘုရင်မင်းမြတ်က ရာမာန်စူးရှပြီး တရားစွဲ အရေးယူခဲ့ပါတယ်..အရေးယူခြင်းခံရတဲ့ ဘုရင်ရဲ့ ကယ်ရေကေချာပုံကို (၁၂၁)မှာဖော်ပြထားပါတယ်..သစ်တော်သီးပုံစံ ဘုရင်မင်းမြတ်ရဲ့ မျက်နှာပုံဟာ အများပြည်သူကို ပျော်ရွင်ကြည်နူးစေခဲ့ပေမယ့် ဘုရင်မင်းမြတ်ကိုယ်တိုင်ပိုမူ အကြီးအကျယ် ဒေါသထွက်စေခဲ့ပါတယ်..
ပုံ(၁၂၂)မှာ သမ္မတ D.Roosevelt ရဲ့ ကယ်ရေကေချာပုံကို ဖရဲသီးပုံစံ ရေးဆွဲဖော်ပြထားပါတယ်..ပုံ(၁၂၃)မှာတော့ ၀န်ကြီးချုပ် Chamberlain ရဲ့သင်္ကေတ ကယ်ရေကေချာကို ထီးပုံတွေနဲ့ ရေဆွဲဖော်ပြထားပါတယ်..၀န်ကြီးချုပ်ဟာ သွားလေရာမှာ ထီးတစ်လက်ကို အမြဲဆောင်ထားလေ့ရှိသူဖြစ်ပါတယ်..အဲ့ဒါကြောင့် ထီးအမှတ်အသားဟာ သူ့အမှတ်အသားအဖြစ်လူသိများခဲ့ပါတယ်..ပုံ(၁၂၄)မှာ Reagan ရဲ့ကယ်ရေကေချာပုံကို သူ့ပါတီဖြစ်တဲ့ ရီပါဘရီကင် အမှတ်အသားဖြစ်တဲ့ ဆင်ပုံအားဖြင့် ဖော်ပြထားပါတယ်..နိုင်ငံရေးကာတွန်းဆရာ Paul Conrad က LosAngeles Times ထဲမှာ်၁၉၈၀ ခုနှစ်က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်..
ပုံ(၁၂၅)မှာ Picasso ရဲ့သင်္ကေတကယ်ရေကေချာပုံကို Abstract, Symbolic, Surrealistic,Impressionistic လေးမျိုးပေါင်းစပ်ပြီး ရေးဆွဲထားပါတယ်..၁၇လက်မ- ၂၀လက်မ ကင်းဗက်ပေါ်မှာ ဆီဆေးနဲ့ ရောင်စုံရေးဆွဲထားတာဖြစ်ပါတယ်..နောက်ခံကို သူ့ရဲ့နာမည်ကျော် ပန်းချီကား ' Three Violinists ' ကို အသုံးပြုထားပြီး သူ့နှာခေါင်းကို မီးသီးပုံစံနှင့် မျက်လုံးတွေကို ချယ်ရီသီပုံစံရေးဆွဲထားပါတယ်...
ပုံ(၁၂၆)မှာ  သင်္ကေတ ကယ်ရေကေချာပုံစံတချို့ကို လေ့လာနိုင်ဖို့ဖော်ပြထားပါတယ်..သူတို့ရဲ့လုပ်ငန်၊၀ါသနာ၊ဗီဇတွေအပေါ်မူတည်ပြီး ရေးဆွဲထားတာဖြစ်ပါတယ်..သင်္ကေတ ကယ်ရေကေချာပုံအတွက် သပ်သပ်စည်းတွေ၊ဘောင်တွေ ခတ်ထားတာမရှိပါဘူး၊မိမိဥာဏ်ရှိသလို တီထွင်ကြံဆရေးဆွဲနိုင်ပါတယ်........///






No comments: